ချစ်ပမန့်ခေါ် ချစ်စရာကောင်းသော ရှဉ့်ကလေးတစ်မျိုးကို မြောက်အမေရိကတိုက်၌ တွေ့ရသည်။ ယင်း၏အရွယ်မှာ နှာဖျားမှ အမြီးဖျားအထိ ၉ ၁/၂ လက်မ ၁ဝ လက်မခန့် ရှည်၍၊ ကြွက်၊ ပူးတို့ကဲ့သို့ ကိုက်ဖြတ်သတ္တဝါမျိုးပင် ဖြစ် သည်။ နှုတ်သီးချွန်၍ အမြီးစုတ်ဖွား ဖြစ်သည်။ အရောင်မှာ အညို သို့မဟုတ် နီညိုရောင်ဖြစ်၍၊ ကျောနှင့် ကိုယ်နံဘေး တွင်၎င်း၊ ပါးတွင်၎င်း၊ အဖြူစင်းများပါရှိသဖြင့် အလွန် လှပသည်။ ပါးစောင်နှစ်ဘက်၌ အသီးအနှံ စသောအစာများကို သိုလှောင်သယ်ဆောင်ရန် အိတ်များပါရှိခြင်းကြောင့် ထူးဆန်းသည်။
ဤရှဉ့်ကလေးမျိုးသည် ရှဉ့်အစစ်တို့ကဲ့သို့ သစ်ပင်ထက်တွင် မနေဘဲ မြေပေါ်၌သာ အနေများသည်။ အလွန်သိတတ်၍၊ မနေမနား အလုပ်လုပ်လေ့ရှိ၏။ နေထိုင်ရန် တွင်းတူးရသည်။ ရန်သူအသိခက်အောင် တူးဆွပြီးသောမြေကြီးများကို တွင်းဝမှ ခပ်ဝေးဝေးနေရာ၌ ထားတတ်သည်။ တွင်းမှာ ပေ ၂ဝ ခန့် နက်၍ တွင်း၌ ရေညိ|၊ သစ်ရွက်၊ မြက်တို့ဖြင့် အိပ်ရာနေရာ တို့ကို ပြုလုပ်သည်။ အစာလှောင်ခန်းများ ပြုလုပ်၍၊ ဆောင်းရာသီ ခိုအောင်းချိန်၌ စားသုံးရန်အစာ ရေစာတို့ကို လိုသည်ထက် ပို၍ မြောက်မြားစွာ စုဆောင်းတတ်သည်။ ရန်သူနှင့်တွေ့က ထွက်ပြေးနိုင်ရန် အပေါက်ဖောက်လုပ်ထားသည်။